ပင်မကျောရိုး အဆစ်ကျွံခြင်းအကြောင်း
ကျောရိုးတစ်လျှောက်မှာ အရိုးတုံးတွေဟာ ထပ်လျှက်ရှိနေပြီး အရိုးတုံးတစ်ခုနဲ့ တစ်ခုကြား အကွေးအဆန့် လှုပ်ရှားဖို့လွယ်အောင် ရာဘာလိုမျိုး မမာမပျော့ အရိုးဆစ်လေးတွေ ရှိပါတယ်။ ဒီအရိုးဆစ်တွေဟာ ကျိုးပဲ့လို့ဖြစ်စေ၊ မတော်တဆမှုကြောင့် ဖြစ်စေ၊ ရောဂါအကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်စေ ချော်ထွက်တာ၊ ကွဲထွက်တာတွေ ဖြစ်တဲ့အခါ အဆစ်တစ်ခု ယိုယွင်းတာနဲ့ ကျောရိုးတစ်ခုလုံးရဲ့ အနေအထားဟာ အနည်းနဲ့အများ ထိခိုက်ရပါတယ်။
အဆစ်ကျွံခြင်းဟာ ကျောရိုးတစ်လျှောက်မှာရှိတဲ့ ဘယ်အရိုးဆစ်မှာမဆို ဖြစ်နိုင်ပြီး များသောအားဖြင့် ခါးအောက်ဘက်က အဆစ်များမှာ ကျွံတတ်တာ များပါတယ်။ ကျွံတဲ့အဆစ်ရဲ့ နေရာပေါ်မူတည်ပြီး နာကျင်တာ၊ ထုံတာ၊ ခြေလက် အားမရှိတာ စတဲ့ရလဒ်တွေ ဖြစ်စေပါတယ်။
လူအများစုမှာတော့ ပင်မကျောရိုး အဆစ်ကျွံခြင်းကြောင့် ရောဂါလက္ခဏာ ထွေထွေထူးထူး ပြလေ့မရှိပါ။ လက္ခဏာရှိခဲ့ရင်လည်း ခွဲတာ စိတ်တာ မပြုလုပ်ရဘဲ သက်သာသွားတတ်ပါတယ်။ အရိုးဆစ်ကျွံခြင်းဟာ ခါးအောက်ပိုင်းမှာ အတွေ့ရများသလို လည်ပင်းအဆစ်တွေမှာလည်း ဖြစ်တတ်ပါတယ်။
လက္ခဏာတွေကတော့ အဆစ်ရဲ့တည်နေရာ၊ ကျွံလာတဲ့အဆစ်ကြောင့် အာရုံကြောတွေ ဖိမိခြင်း ရှိ/မရှိ ပေါ်မူတည်ပါတယ်။ အဆစ်ကျွံခြင်းဟာ ခန္ဓာကိုယ်တစ်ခြမ်းမှာသာ လက္ခဏာပြတတ်ပါတယ်။
၁။ လက်မောင်းနဲ့ ခြေထောက်နာခြင်း
ကျောအောက်ဘက်က အဆစ်ကျွံရင် ကျောအောင့်တာအပြင် တင်ပါး၊ ပေါင်၊ခြေသလုံးနဲ့ ခြေဖဝါးရဲ့ အချို့နေရာတွေပါ နာတတ်ပါတယ်။
လည်ပင်းအဆစ်ကျွံရင် ပခုံးနဲ့ လက်မောင်းတွေမှာ နာတတ်တယ်။ ချောင်းဆိုး၊ နှာချေ၊ ခန္ဓာကိုယ်ရဲ့ တချို့အနေအထားပုံစံတွေမှာ ပိုနာတတ်တယ်။ နာတဲ့ ခံစားချက်က စူးသလို၊ လောင်သလို နာကျင်တတ်ပါတယ်။
၂။ ထုံကျဉ်ခြင်း
ကျောရိုးတစ်လျှောက်က အဆစ်တစ်ခုခု ကျွံနေတဲ့အခါ သက်ဆိုင်ရာအာရုံကြောက အဖိခံရတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ ထုံကျဉ်တတ်ပါတယ်။
၃။ ကြွက်သား အားလျော့ခြင်း
ထိခိုက်ခံရတဲ့ အာရုံကြောကို မှီခိုနေရတဲ့ ကြွက်သားဟာ အားလျော့လာတတ်ပါတယ်။ လမ်းလျှောက်ရင် ယိုင်တိယိုင်တိုင်ဖြစ်တာ၊ ပစ္စည်း မသယ်နိုင်တာ၊ မ'မ' နိုင်တာ၊ မကိုင်နိုင်တာ ကြုံရတတ်ပါတယ်။
ကျောရိုးအဆစ်ကျွံခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ အသက်အရွယ်ကြီးလာလို့ ပျက်စီးလွယ်တဲ့ သဘောတရားပဲဖြစ်ပါတယ်။ နည်းနည်းလေး ခိုက်မိရုံ၊ ကိုယ်နေဟန်ထား လိမ်သွားရုံနဲ့ အဆစ်တွေကို ပွန်းပဲ့ကွဲထွက်စေနိုင်ပါတယ်။ ပစ္စည်းအလေးကိုကုန်း'မ'မိတဲ့အခါ ၊ လှည့်ပြီး 'မ' လိုက်မိတဲ့အခါတွေမှာ အမှတ်မထင် ဖြစ်သွားတတ်လို့ လူကြီးများ ဂရုစိုက်ဖို့လိုပါတယ်။
ကျောရိုးအဆစ်ကျွံဖို့ များတဲ့ အခြေအနေတွေမှာ
- မျိုးရိုးလိုက်ခြင်း၊
- ဆေးလိပ်သောက်ခြင်း၊
- ကိုယ်အလေးချိန်များခြင်း၊
- ပစ္စည်းတွေ ခဏခဏ 'မ'ရ၊ တွန်းရ၊ဆွဲရတဲ့ အလုပ်အကိုင်များ၊
- ကားမောင်းသမားများ၊
- အထိုင်များတဲ့ အလုပ်အကိုင် တို့ဖြစ်ပါတယ်။
ကာကွယ်ပုံများ
- ကိုယ်ထည်ရှိကြွက်သားများ ကြံ့ခိုင်သန်မာစေတဲ့ လေ့ကျင့်ခန်းများ လေ့ကျင့်ကစားပါ။
- ကိုယ်နေဟန်ထား ပုံစံကို သတိထားပါ။ ထိုင်တဲ့အခါ ခါးကို မတ်မတ်ထားထိုင်ပါ။ ပစ္စည်းများ မတက်သာလို့ 'မ'ရရင် ခါးအစား ခြေထောက်အားကို အသုံးပြုပါ။
- ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ။
- ဆေးလိပ်ဖြတ်ပါ။
အရေးပေါ် ဆေးကုသမှုကို ရယူသင့်တဲ့ အခြေအနေများ
- နာကျင်တာ၊ ထုံကျဉ်တာ၊ ကြွက်သား အားနည်းတာတွေဟာ နေ့စဉ်လှုပ်ရှားသွားလာမှုကို ထိခိုက်လာရင်
- ဆီးမထိန်းနိုင်၊ ဝမ်းမထိန်းနိုင် ဖြစ်လာရင်
- ပေါင်အတွင်းသား၊ ခြေထောက်နောက်ဖက်ခြမ်း၊ စအိုတစ်ဝိုက်မှာ အာရုံခံစားတွေလျော့လာရင် အရိုးအထူးကု ဆရာဝန်ထံ အမြန်ဆုံးပြသဖို့ အကြံပြုပါတယ်။
ရေးသားသူ - Dr. May Myat Tun